နေပြည်တော်၊ ဩဂုတ် ၂၇
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများ ပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲရာတွင် ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကမ်းနီ ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ သားဖွားဆရာမ ဒေါ်မိုးသန္တာ (၄၁)နှစ် (ဘ)ဦးလှထွန်းသည် ဆေးပေးခန်း၌ ရှိနေစဉ် ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးမှ ရွာအဝင်ကွန်ကရစ်လမ်းအတိုင်း အကြမ်းဖက်သူ အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆေးခန်းခြံစည်းရိုးအတွင်း ဝင်ရောက်၍ လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့သဖြင့် ဆေးခန်း၏မီးဖိုခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဝတ်အစားဗီရို ၁ လုံး၊ အိပ်ခန်းတံခါးတို့ ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)