ပဲခူး ဩဂုတ် ၂၈

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပဲခူးမြို့၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဲခူးမြို့တွင်းလမ်းများဖြစ်သည့် ရုံးကြီးရပ်ကွက်၊ တပင်ရွှေထီးလမ်း ခွင့်ပြုငွေကျပ် (၁၂၉ ဒသမ ၁၅၀) သန်းဖြင့် (၁၂၀'×၃၆'×၃") နိုင်လွန်ကတ္တရာ ခင်းနေမှုအား လည်းကောင်း၊ ခွင့်ပြုငွေကျပ် (၇၇ ဒသမ ၈၅၀) သန်းဖြင့် (၁၃၉၇'×'-၀"×'-၈") (၃၃) လမ်းပလက်‌‌ဖောင်း ရေမြောင်းပြုလုပ်ခြင်း၊ ခွင့်ပြုငွေကျပ် (၁၂၇ ဒသမ ၈၀၀၀) သန်းဖြင့် (၁၁၃၅'×၃၈'-၀"×'-၈") ကွန်ကရစ်ခင်းခြင်းနှင့် ခွင့်ပြုငွေကျပ် (၁၆၃ ဒသမ ၈၀၀၀) သန်းဖြင့် (၁၂၇၄'×၄၁'-၀"×၀-၈") ဟင်္သာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း လုပ်ဆောင်နေမှုအားလည်းကောင်း၊ ခွင့်ပြုငွေကျပ် (၅၃ ဒသမ ၇၉၉) သန်းဖြင့် (၄၇၅'×၄၀'×၈") (၃၁) လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် တာဝန်ရှိအင်ဂျင်နီယာတို့က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြချက်အပေါ် ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ လမ်းအရည်အသွေး ကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန်၊ ရေစီးဆင်းမှု ကောင်းမွန်စေရန်၊ လူသွားလမ်း ပလက်ဖောင်းများ အုတ်ကွက်ဖော်ခင်းရန်နှင့် လမ်းအင်္ဂါရပ်နှင့်အညီ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ လိပ်ပြာကန်သို့ သွားရောက်ပြီး လိပ်ပြာကန်သည် အများပြည်သူများ လာရောက်အပန်းဖြေသော နေရာဖြစ်သဖြင့် လိပ်ပြာကန် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန်၊ လမ်းဘေးပန်းခုံများအား အသစ်ပြန်လည်ပြုပြင် ဆောင်ရွက်ရန်နှင့် သစ်ပင်များအောက်၌ အပန်းဖြေ ထိုင်ခုံများ ထားရှိသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)