ဟားခါး ဩဂုတ် ၂၈
ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမနှင့် ခိုင်ကမ်းအားကစားရုံတို့တွင် ဆေးထိုးစုရပ် နှစ်နေရာခွဲ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေကို ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတို့မှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့ရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုကို သြဂုတ် ၂၈ ရက်မှစ၍ ၂၉ ရက်အထိ သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ နေရာ (၄) နေရာ၌ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးမှုဆောင်ရွက်သည့် နေရာများသို့လည်း ပြည်နယ်ဝန်ကြီးချုပ်က သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


