မကွေး ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် မကွေးခရိုင်အတွင်းရှိ ကျေးရွာ ၁၀၂ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အရ မကွေးခရိုင်အတွင်းရှိ မကွေးမြို့နယ်မှ ကျေးရွာ ၁၄ ရွာ၊ တောင်တွင်းကြီးမြို့နယ်မှ ကျေးရွာ ၂၀ ရွာ၊ ရေနံချောင်းမြို့နယ်မှ ကျေးရွာ ၁၀ ရွာ၊ ချောက်မြို့နယ်မှ ကျေးရွာ ၂၂ ရွာ၊ နတ်မောက်မြို့နယ်မှ ကျေးရွာ ၂၂ ရွာ၊ မြို့သစ်မြို့နယ်မှ ကျေးရွာ ၁၄ ရွာ စုစုပေါင်းကျေးရွာ ၁၀၂ ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောပြသည်။
ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ၅၀ ခု၊ ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ငါးခု၊ မြေနီကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်း ငါးခု၊ ကျေးလက်ရေ ရရှိရေးလုပ်ငန်း ၂၉ ခု၊ မီးရရှိရေးလုပ်ငန်း ၂၀ ခု၊ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း ငါးခု၊ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၁၁၅ ခုကို စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ် ၁၀၂၀ သန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၅၆၇ ဒသမ ၉၁၃၄ သန်း စုစုပေါင်းငွေကျပ် ၁၅၈၇ ဒသမ ၉၁၃၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ဆက်လက်ပြောပြသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၀၂ ရွာရှိ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


