သရက် ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ သြဂုတ် ၂၇ ရက်မှ စတင်ကာ ရပ်ကွက်/ ကျေးရွာများအရောက် Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
သရက်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာပြီဖြစ်သော်လည်း ရပ်ကွက်/ကျေးရွာများ၌ ရောဂါကူးစက်မှုများရှိနေသည့်အတွက် ရောဂါကူးစက်မှုမရှိစေရန်နှင့် ဖျားနာနေသူများ၊ သံသယရှိသူများ အနေဖြင့် ရောဂါကူးစက်မှု ဆက်လက်မပြန့်ပွားစေရန်ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက Mobile Test Kit Motor Vehicle စစ်ဆေးရေးယာဉ်ဖြင့် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက အုန်းမွှန်းတောကျေးရွာနှင့် တလပါးကျေးရွာတို့ရှိ စစ်ဆေးခံသူ (၇၆) ဦးစစ်ဆေးပေးခဲ့ပြီး ပိုးတွေ့ရှိသူ (၁၅)ဦးရှိခဲ့သည်။
ထို့ပြင် ညနေပိုင်းတွင် ပြည်တော်အေးရပ်ကွက်၊ အနောက်ရပ်မြောက်ပိုင်းရပ်ကွက်နှင် ရုံးရပ်ကွက်တို့၌ စစ်ဆေးပေးခဲ့ရာ စစ်ဆေးခံသူ (၉၃)ဦးတွင် (၄) ဦးရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)


