ကျောက်ပန်းတောင်း၊ ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးကျကာလ၊ ဇွန်လပိုင်းတွင် စတင်စိုက်ပျိုး ခဲ့ကြသည့် မိုးနှမ်းများ ရိတ်သိမ်းလျက်ရှိပြီး မိုးဦးကောင်းမွန်သဖြင့် သီးနှံအထွက်နှုန်းကောင်းသကဲ့သို့ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းကို မိုးဦးကာလဖြစ်သည့် ဇွန်လ(ကဆုန်လဆန်း)တွင် စတင်စိုက်ပျိုး ခဲ့ကြပြီး ဩဂုတ်လ နောက်ဆုံးပတ်(ဝါခေါင်လကွယ်)တွင် ရိတ်သိမ်းကြရကြောင်း သိရသည်။
“ကျွန်တော်က နှမ်းတစ်စိတ်ကျ(၄ပြီ) စိုက်ထားတယ်၊ မြေပဲက (၂)တင်းကျလောက် စိုက်ထားတယ်၊ ခုထိတော့ အားလုံးကောင်းကြပါတယ်။ ဒီနှစ်က မိုးဦးကောင်းတော့ သီးပင်စားပင်လေးတွေကတော့ မဆိုးပါဘူး၊ ဈေးကောင်းရဖို့ မျှော်လင့်တာပါ။ ဘာလို့ဆို တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးရေးကုန်ကျစရိတ်က များများလာတယ်ဗျ။ ဒီနှစ်ဆို ဒီနှမ်း တစ်စိတ်ကျကို ထွန်းယှဉ်းခ/ပေါင်းခနဲ့ ဆေးဖိုးတွေ ဘာတွေ အကုန်လုံးကုန်ကျစရိတ်က (၁၅၀၀၀၀) လောက်ရှိတယ်၊ ဒါကျွေးမွေးစရိတ်မပါဘူး။ ကိုယ်လက်ထဲ သီးနှံလေး ရတဲ့အချိန် ဈေးကောင်းလေးရရင်တော့ အသက်ရှုချောင်မှာပေါ့ဗျာ” ဟု ဆယ့်နှစ်ရာသီပင်ကျေးရွာမှ တောင်သူ ဦးနေဝင်းက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းလျာထားချက်မှာ (၁၂၁၁၅၁)ဧကဖြစ်ပြီး၊ လက်ရှိမြေပြင်စိုက်ပျိုးမှု စုစုပေါင်းမှာ (၁၃၂၉၁၀)ဧကဖြစ်သဖြင့် လျာထားချက်ထက် ကျော်လွန်ကြောင်း၊ လက်ရှိနှမ်းဈေးမှာ နှမ်းနက် တစ်တင်းကို (၄၀၀၀၀)ကျပ်ဈေးရှိပြီး၊ နှမ်း အနီ/အဖြူ ဈေးကတော့ (၃၂၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း၊ ပြည်ပဈေးကွက်ရှိလို့ ဒီရက်ပိုင်းမှာ နှမ်းဈေးတက်လာတာ ဖြစ်ကြောင်း၊ ဈေးကောင်းရတာက နှမ်းနက်ပဲ ဈေးကောင်းရပြီး ပြည်ပအဝယ်ရှိကြောင်း၊ တောင်သူတွေက နှမ်းနက်ကိုစိုက်တာ နည်းကြောင်း၊ နှမ်းနက်က သက်တမ်းရှည်သဖြင့် ငွေမြန်မြန်ပေါ်သည့် သက်တမ်းတိုသည့် နှမ်းမျိုးများကို စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင် အေးအေးမော်ထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)


