တာချီလိတ် ဩဂုတ် ၃၀
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများနှင့် နေရပ်ပြန်ရွှေ့ပြောင်းမြန်မာအလုပ်သမား စုစုပေါင်း၂၅၃ ဦးတို့သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည် ရေးတံတားအမှတ်(၂)မှတစ်ဆင့်ပြန်လည်ဝင်ရောက်လာရာတာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ ကြောင်း သိရသည်။
ထိုသို့ပြန်လည် ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများမှာ အမျိုးသား ၁၆၄ ဦး၊အမျိုးသမီး ၈၉ ဦး စုစုပေါင်း(၂၅၃)ဉီးတို့ဖြစ်ရာ ၎င်းတို့အား နှစ်နိုင်ငံနယ်ခြားကော်မတီတို့က စနစ်တကျလွှဲ ပြောင်းပေးခဲ့ပြီး၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များက လက်ခံကြိုဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ခရိုင်ကိုဗစ် -၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုပြု လုပ်ခ့ဲရာ အမျိုးသား လေးဦးနှင့်အမျိုးသမီး နှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိရသဖြင့် ယင်းအတည်ပြုလူနာ ခြောက်ဦးကို ဝမ်လုံး Quarantine Centerသို့ ပို့ဆောင်၍ ဆေးကုသပေးမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက်တာဝန်ရှိသူများနှင့်မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့က နေရပ်ဒေသသို့ ပြန်ကြမည့်သူများကို အားပေးစကားများပြောကြားကာ ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးသို့ ပြန်နိုင်ရေး မော်တော်ယာဉ်များ အခမဲ့စီစဉ်ပေး၍ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


