မြိတ် ဩဂုတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ဘုရားကိုင် ချောင်းအား ရေစီးရေလာကောင်းမွန်ရေးနှင့် ချောင်းတိမ်ကောမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ကုန်း/ရေနှစ်တန်သွား ဘက်ဟိုး(မြေတူးယာဉ်)ဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိသည်။
“ မြိတ်မြို့ဟာ ကျွန်းမြို့တစ်မြို့ဖြစ်ပြီး ပင်လယ်ဒီရေရောက်ရှိမှုနဲ့ မိုးရွာသွန်းမှုများတဲ့အချိန်မှာ နှစ်စဉ် မြို့ ပေါ်ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းဒေသဖြစ်တဲ့ ရပ်ကွက်တွေမှာ လမ်းပေါ် ရေကြီးရေလျှံမှုတွေဖြစ်ပါတယ်။ ရေကြီး ရေလျှံမဖြစ်စေဖို့အတွက် ပြည်သူလူထုတွေ ချောင်းထဲကို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းမဖြစ်အောင် ထိန်းသိမ်း ကြပ်မတ်နေပါတယ်။ ဒါ့အပြင် ချောင်းထဲစီးဝင်တဲ့ ရေမြောင်းတွေကောင်းမွန်ရေးကိုလည်း ဆောင်ရွက်လျက် ရှိပါ တယ်။ ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင်၍ ချောင်းအတွင်းသို့ အမှိုက်သရိုက်တွေ စွန့်ပစ်ခြင်း မပြုလုပ်ကြ ဖို့နဲ့ အမှိုက်သိမ်းယာဉ်တွေမှာသာ စနစ်တကျစွန့်ပစ်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောသည်။
ဘုရားကိုင်ချောင်းအတွင်း ပင်လယ်ဒီရေအတက်အကျနှင့် မိုးရေများကြောင့် သဲများ၊ နှုန်းမြေများ၊ ဗေဒါ ပင်၊ ဒိုက်ပင်နှင့် အမှိုက်များကြောင့် ချောင်းတိမ်ကောမှုများဖြစ်နေသည့်နေရာများအား ရေစီးရေလာကောင်းမွန် စေရေးအတွက် ချောင်းတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရန် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဝယ်ယူထား သည့် ကုန်း/ရေနှစ်တန်သွားဘက်ဟိုး(မြေတူးယာဉ်) တူးဖော်ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါချောင်းတလျှောက် ရေစီးရေလာကောင်းမွန်စေရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံ ငွေ ထည့်သွင်းရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘုရားကိုင်ချောင်းသည် စုစုပေါင်းအရှည်(၂)မိုင်ကျော်ရှိပြီး ပြည်သူပူးပေါင်းမှုနှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရန်ပုံငွေများဖြင့် ဘုရားကိုင်ချောင်းအား မြေထိန်းနံရံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ ထို့အတူ (၂)မိုင်ကျော်အရှည်ရှိသည့် မြိတ်တောင်ချောင်းအား ဆက် လက် တူးဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ချောင်းနှစ်ချောင်းရှိသည့်နေရာသည် လူဦးရေထူထပ် သည့် ရပ်ကွက်များဖြစ်သည့်အတွက် ရပ်ကွက်လမ်းမများတွင် ရေကြီး/ရေလျှံ/ရေဝပ်မှုမရှိစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်း/ရေနှစ်တန် သွားဘက်ဟိုး(မြေတူးယာဉ်)သည် CAT 307.5 AM 80 အမျိုးအစားဖြစ်ပြီး ယာဉ် အကျယ်သည် (၁၁)ပေ(၁)လက်မရှိကာ (၁၃)ပေ(၉)လက်မအထိ ချဲ့ကားနိုင်ကြောင်း၊ ထို့အတူ ယာဉ်တွင်ရေလုံ ဗောနှစ်ဖက်မတပ်ဆင်ဘဲ ရေအနက်(၁.၁)မီတာဆင်း၍ တူးဖော်နိုင်ပြီး ယာဉ်တွင်ရေလုံ ဗောနှစ်ဖက်တပ်ဆင်၍ ရေအနက်(၂.၅)မီတာရှိသည့် ချောင်းအတွင်း ဆင်း၍မောင်းနှင်နိုင်ကာ ယာဉ်မှာပါရှိသည့်လက်တံဖြင့် အနက်(၁၂) ပေ(၆)လက်မထိ တူးဖော်နိုင်ကြောင်း၊ အဆိုပါဘက်ဟိုးကို စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ ကျပ်သိန်း(၂၇၉၀)ဖြင့် ဝယ်ယူထားရှိကြောင်း မြိတ်စည်ပင်မှ သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


