နေပြည်တော် ဩဂုတ် ၃၀

 

ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်၌ ကျင်းပသည်။

 

ယင်းအခမ်းအနားသို့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဒုမ အမှူးပြုသော ဆရာတော်ကြီး ၃ ပါး ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

 

အဆိုပါ လှူဒါန်းပွဲတွင် ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၃၀၁ ပါးတို့ကို ဆွမ်းဆန်တော် အိတ် ၃၀၊ ဆီ ပိဿာ ၉၀၊ ပဲ ၁၂ အိတ်တို့ကို  ဆက်ကပ်လှူဒါန်းခဲ့သည်။

 

mdn

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလများအတွင်း ရဟန်း၊ သာမဏေ၊ သီလရှင်များ ဆွမ်းကွမ်း အဆင်ပြေ စေရန်အတွက် နေပြည်တော်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီးကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင် ၁၈ ကျောင်းတို့အတွက် ဆွမ်းဆန်တော် အိတ် ၁၀၂၇  အိတ်တို့ကိုလည်းကောင်း၊ ဩဂုတ်လတွင် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်း ၆၀ နှင့် သီလရှင်ကျောင်း ၁၃ ကျောင်းတို့၌ သီတင်းသုံး နေထိုင်တော် မူကြသော ရဟန်း၊ သာမဏေ ၂၆၀၇  ပါးနှင့် သီလရှင် ၉၈၇ ပါးတို့အတွက် ဆွမ်းဆန်တော် ၃၅၉ အိတ်၊ ဆီ ၁၀၇၇  ပိဿာ၊ ပဲ ၁၄၄ အိတ်တို့ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိ စာသင်တိုက် ၁၀၇ တိုက်မှ ရဟန်းသာမဏေ ၆၇၆၄ ပါးနှင့်သီလရှင် ၁၁၁ ပါးတို့ကို ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် သိန်း ၇၀၀၊ ဆွမ်းဆန်တော် အိတ် ၂၂၄ အိတ်၊ ဆီ ပိဿာ ၆၇၀၊ ပဲ ၆၈ အိတ်တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ ရဟန်း သာမဏေ အပါး ၁၉၅၀ အတွက် ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ် သိန်း ၇၀၀ လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်