စစ်တွေ  ဩဂုတ် ၃၀

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ တိုက်ပွဲရှောင်စခန်းများမှ အသက် (၄၅) နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။

 

အမှတ်(၂) အခြေခံပညာကျောင်းတွင် စစ်တွေမြို့ပေါ်ရှိ ကယုချောင်း၊ အမျိုးသား၊ ယောသိတာရုံ၊ ဒက္ခေါင်း၊ မဏိရတနာ၊ သုခိတာရုံ၊ ဓမ္မာရာမ၊ ဘုရားသိမ်၊ ဝိဘဇ္ဇဝါဒီ၊ နန်းရွှေဂူနှင့် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်နေကြသည့် တိုက်ပွဲရှောင် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး ကျန်တိုက်ပွဲရှောင် စခန်းများမှ ဒေသခံပြည်သူများကိုလည်း သတ်မှတ်နေ့ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

 

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးကြခြင်းဖြစ်ကာ ဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်းသိရသည်။

 

mdn

 

အလားတူ စစ်တွေမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ စစ်တွေတက္ကသိုလ် (ဘုမေ) အားကစားရုံ၊ အခြေခံပညာ အထက်တန်းကျောင်း (ပါဒလိပ်) နှင့် သဲချောင်းကျေးရွာရှိ ဘက်စုံသုံးမုန်းတိုင်းဒဏ်ခံ အဆောက်အဦတို့တွင်  အသက် (၆၅) နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ဒေသခံပြည်သူများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေး Sinopharmကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

 

ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  လိုအပ်သော ကိစ္စများကိုကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ပထမအကြိမ်တွင် လူဦးရေ ၁၁၉၁၄  ဦးအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

 

တင်ထွန်း(ပြန်/ဆက်)