မင်းဘူး    ဩဂုတ်    ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ သဘာဝဘေးကြောင့် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးနှင့် ရေဘေးသင့် အိမ်ထောင်စုများအားလုံးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ကျပ် (၁၂)သိန်ကျော်နှင့် နှာခေါင်းစည်း Mask များ ကို ဩဂုတ်လ ၃၀ ရက် ညနေပိုင်းက မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် ကျောင်းကုန်းကျေးရွာတွင် ဩဂုတ်လ ၂၃ ရက်နေ့က ဧရာဝတီ မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသည့် နေအိမ် (၉)လုံးမှ အိမ်ထောင်စု (၉)စုအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၉၀၀,၀၀၀) နှင့် လူဉီးရေ (၃၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၇၃,၅၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၇၃,၅၀၀) ကျပ်တိတိကို ပေးအပ်ခဲ့သည်။ 

ထို့နောက် ထုံးမကြီးကျေးရွာတွင် ဩဂုတ်လ ၂၈ ရက်နေ့က ဧရာဝတီမြစ်ရေ ဝင်ရောက် မှုကြောင့် ရေဘေးသင့် အိမ်ထောင်စု (၃၃)စုမှ လူဦးရေ (၈၆)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၀,၆၀၀) ကျပ်တိတိကိုလည်းကောင်း၊ ဩဂုတ်လ ၂၉ ရက်နေ့က ထုံးမကြီးကျေးရွာ၌ မြစ်ရေ ထပ်မံဝင်ရောက်ခဲ့ပြီး အလားတူ တပင်ကျေးရွာတွင်လည်း မြစ်ရေများဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ရေဘေးသင့် အိမ်ထောင်စုပေါင်း (၁၃)စုတို့မှ လူဦးရေ (၄၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၈၆,၁၀၀)၊ စုစုပေါင်းထောက်ပံ့ပေးအပ်ငွေ (၂၆၆,၇၀၀) ကျပ်တိတိကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)