မြိတ်   ဩဂုတ်   ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည့် ကိုဗစ်-၁၉ လူနာများ အသုံးပြုရန်အတွက် စေတနာရှင်လှူဒါန်းငွေများဖြင့် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားသည့် အောက်ဆီဂျင်စက်သည် ဩဂုတ်လ(၃၀)ရက် ညပိုင်းတွင် မော်တော်ယာဉ်ဖြင့် ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံသို့ ရောက်ရှိလာခဲ့သည်။    

အဆိုပါ အောက်ဆီဂျင်စက်ကို စေတနာရှင် ပြည်သူများက မြိတ်ဒေသ ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြု ကော်မတီသို့ လှူဒါန်းထားသည့် ရန်ပုံငွေထဲမှ  ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ကို ဒေါ်လာ(၆)သောင်းနှင့် အောက်ဆီဂျင်စက် လည်ပတ်အသုံးပြုရန်အတွက် မီးစက်ကို ဒေါ်လာ(၁)သောင်းခွဲ စုစုပေါင်းဒေါ်လာ(၇)သောင်းခွဲဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း မြိတ်ဒေသ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုကော်မတီမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းထားသည့် အောက်ဆီဂျင်စက်  တပ်ဆင်ပြီးစီးပြီဖြစ်ကာ စမ်းသပ်လည်ပတ်လျက်ရှိပြီး  တစ်နေ့လျှင်လီတာ (၄၀)ဆံ့ အောက်ဆီဂျင်အိုးအလုံးရေ (၁၈၀ မှ ၂၀၀)ခန့် ထွက်ရှိနိုင်ကြောင်း၊ စေတနာရှင်များ လှူဒါန်းထားသည့် အောက်ဆီဂျင်စက် ရောက်ရှိတပ်ဆင်လျက်ရှိကာ အဆိုပါစက်မှလည်း အောက်ဆီဂျင်အိုး အလုံးရေ ၁၀၀ မှ ၁၂၀ ခန့် ထွက်ရှိနိုင်ကြောင်း  သိရသည်။

ပြည်သူ့ဆေးရုံအောက်ဆီဂျင်စက်ရုံတွင် စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်း လုပ်ငန်းများပြီးမြောက်ပါက အောက်ဆီဂျင်လိုအပ်သူများအတွက် ယခုထက်ပိုမိုအဆင်ပြေနိုင်ပြီဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)