ဇီးကုန်း စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် အောက်ဆီဂျင်အသုံးပြုနေရသူများ၊ အောက်ဆီဂျင်လိုအပ်မှုအား အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် အမှတ်(၃)ရပ်ကွက် မိုဃ်းကောင်းကျောင်းတိုက်တွင် တပ်ဆင်ထားသော အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) သည် စတင်လည်ပတ် မောင်းနှင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ်စက်ကို မိုဃ်းကောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏသိဒ္ဓိ ဦးဆောင်၍ အလှူရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မှာယူတင်သွင်းခဲ့ပြီး သြဂုတ် ၂၁ ရက်က ရောက်ရှိခဲ့ကြောင်းနှင့် အောက်စီဂျင်ထုတ်စက်အား KTK ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များက စနစ်တကျတပ်ဆင်ခဲ့ရာ ဩဂုတ် ၂၈ ရက်နေ့တွင် ပြီးစီး၍ စမ်းသပ်မောင်းနှင်ကြောင်း သိရသည်။
ယခုအခါ စတင်လည်ပတ်လျက်ရှိရာ တစ်ရက်လျှင် အောက်ဆီဂျင် (၄ဝ)လီတာဆံ့အိုး (1800 psi)ဖြင့် အလုံး (၂၁)လုံးခန့် ဖြည့်တင်းထုတ်လုပ်ပေးနိုင်ကြောင်း၊ အောက်စီဂျင်လိုအပ်သူများ အဆင်ပြေစေရန်အတွက် (၄ဝ)လီတာဆံ့ လက်ခံအိုး အလုံး(၁၀၀)ကို အသင့်စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ဇီးကုန်းမြို့နယ်အတွင်းသာမက ပတ်ဝန်းကျင်မြို့နယ်များမှ အောက်စီဂျင်လိုအပ်သူများအတွက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်စီဂျင်ထုတ်စက်အား မိုဃ်းကောင်းကျောင်းတိုက်ဆရာတော် ဦးဆောင်၍ ရန်ကုန်မြို့နေ ဒေါ်ရီရီမြင့်၊ Dr.ရဲမင်းသူ + သမီး Dr.ယဉ်လင်းမြင့် မိသားစုမှ သိန်း(၅၀၀)ကျပ် မတည်လှူဒါန်းငွေနှင့် စေတနာရှင်၊ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်ခဲ့ပြီး၊ စုစုပေါင်း ကျပ်သိန်း(၁၁၀၀)ခန့် ကုန်ကျခဲ့ကြောင်းနှင့် လျှပ်စစ်မီး အခက်အခဲမရှိစေရေးအတွက် watt (7500) step up transformer ထပ်မံတပ်ဆင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း ဆရာတော် ဘဒ္ဒန္တ ဉာဏသိဒ္ဓိ ထံမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)


