ပဲခူး ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ် ၃၁ ရက်  နံနက်ပိုင်းက သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်း ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့ မြို့နယ်ခန်းမတွင် လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်နှင့် ဇီးကုန်းမြို့နယ်အတွင်း ကိုဗစ်(၁၉) ရောဂါ ခံစားခဲ့ရသော ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း (၁၂၃)သိန်းအား သာယာဝတီခရိုင် ဆေးရုံအုပ်ကြီးထံပေးအပ်ခဲ့ပြီး သာယာဝတီမြို့ ကြက်ခြေနီရုံးဝန်းအတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တစ်ရက်လျှင် အောက်စီဂျင် (၄၀) လီတာအိုး (၁၈၀) ထွက်ရှိသည့် Oxygen Plant လည်ပတ်နေမှုနှင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံဝန်းအတွင်း လည်ပတ်လျက်ရှိသည့် Oxygen Plant တို့အား ကြည့်ရှု့စစ်ဆေးခဲ့ရာ လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့ရှိ စေတနာရှင်တစ်ဦးမှ လက်လုပ်လက်စားများအား ဆန်၊ ဆီ၊ ကြက်ဥများ အခမဲ့ထောက်ပံ့ပေးအပ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများ ဒေသစျေးနှုန်းထက် သက်သာသော ဈေးနှုန်းထားဖြင့် ဝယ်ယူနိုင်ရေး ကြက်သွန်နီ ပိဿာ(၃၀၀၀)အား စီစဉ်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ချမ်းမြေ့ဇေယျာကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သော တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ဝင်းက ချမ်းမြေ့မေစပါးမျိုး စိုက်ခင်းနှင့် ထိုင်းစပါးမျိုး Jasmine စပါးမျိုး စမ်းသပ်စိုက်ပျိုးနေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံတောင်သူများ စပါးစျေးကွက် ခိုင်မာမှုရှိစေရေး၊ တောင်သူတွက်ခြေကိုက် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေရရှိနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတောင်သူများအတွက် စိုက်ပျိုးစရိတ် ကျပ်သိန်း(၁၀၀)၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် တောင်သူလယ်သမားများအတွက် စျေးကွက်ခိုင်မာပြီး အကျိုးအမြတ်ရရှိစေသည့် အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများအား အခြားမြို့နယ်များတွင်လည်း တိုးချဲ့ဆောင်ရွက်သွားရန် ချမ်းမြေ့ဇေယျာကုမ္ပဏီအား တိုက်တွန်းအားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့၌ နွေရာသီ ရေအခက်အခဲဖြစ်နေသည်မှာ နှစ်ပေါင်း(၂၀)ခန့် ကြာမြင့်နေပြီဖြစ်၍ မြို့ခံပြည်သူများ၏ တောင်းဆိုချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရေပေးဝေရေး ဆောင်ရွက်မည့် ကျောင်းကုန်းရွာအနီး တည်ဆောက်မည့် ရေစုကန်၊ ရေကြည်စုကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ ဇီးကုန်းမြို့နယ်၊ လယ်မကျေးရွာ အုပ်စု မျိုးစပါးစိုက်ခင်း ဓါတ်မြေသြဇာ ကြဲပတ်ပွဲအခမ်းအနားသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူလယ်သမားများအတွက် ဓါတ်မြေသြဇာ(၂၀)အိတ် ထောက်ပံ့ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ မိုးစပါးလျာထားဧက (၂၆၉၂၉၃၁)ဧက လျာထားခဲ့ပြီး သြဂုတ် ၃၁ ရက်အထိ စိုက်ပျိုးပြီးဧက (၂၆၉၅၂၂၇)ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် စိုက်ပျိုးပြီးရာခိုင်နှုန်းမှာ (၁၀၀ ဒသမ ၀၉) ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဦးလျှင်(၁) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၂)သိန်း၊ သီးခြားထောက်ပံ့ငွေကျပ် (၅)သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ လူနာ(၁၀)ဦးအတွက် FAVIPAC ကုသဆေးများ ပေးအပ်ထောက်ပံ့ခဲ့ပြီး ဒေသခံပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှု ပိုမိုပေးနိုင်ရေး နတ်တလင်းပြည်သူ့ဆေးရုံအား ကုတင်(၅၀)ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ပေါင်းတည်မြို့နယ် နတ်မှော်ကျေးရွာရှိ မင်းသားကြီး မြန်မာတိုင်းရင်းကြက် မျိုးထိန်း မျိုးပွားခြံနှင့် ဘက်စုံစိုက်ပျိုးမျိုးမွေးမြူရေးခြံသို့ ရောက်ရှိခဲ့ရာ ခြံတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသကြက်မွေးမြူခြင်းဖြင့် တစ်ဘက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိခြင်းနှင့် AI နည်းပညာဖြင့် မျိုးပွာခြင်း၊ သဘာဝမြေသြဇာများလည်း ရရှိနိုင်သဖြင့် အလွန်အကျိုးရှိသည့် မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်၍ အများပြည်သူ သိရှိစေရေး စည်းရုံးအသိပညာပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် ပန်းတောင်းမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ သူရဲတန်းတံတားအနီး ယာယီ(အရေးပေါ်) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲသွေးအောင်မှ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ်းပြိုကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရေရှည် ရေတိုစီမံကိန်းရေးဆွဲထားရန်နှင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် ဧရာဝတီမြစ်ရေ ဝင်ရောက်လာမှုနှင့် ပတ်သက်၍ မြစ်ကမ်းတစ်လျှောက် နေထိုင်သူများ အချိန်နှင့်တစ်ပြေးညီ အသိပေးရန် လမ်းညွှန်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ အဝင်ဂိတ် ကျန်းမာရေးနှင့်လုံခြုံရေး စစ်ဆေးရေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ရောက်ရှိခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒေသဆိုင်ရာအချက်အလက်များနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရှာဖွေခြင်းလုပ်ငန်းများအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ကာ စေတနာ့ဝန်ထမ်းများအား PPE Level(1) ဝတ်စုံများနှင့် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ပန်းတောင်းပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံစားခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ဦးလျှင်(၁) သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈)သိန်း၊ သီးခြားထောက်ပံ့ငွေကျပ် (၅)သိန်း၊ Flow Meter (၂၀)ခု၊ အောက်စီဂျင်အိုး အလုံး(၁၅)လုံးနှင့် Oxygen Concentrator (၁)လုံးတို့အား ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်း တည်ဆောက်မည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် Liquid Oxygen Station ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ဆေးရုံဝင်းအတွင်း Oxygen Pipe Line များ ထပ်မံတိုးချဲ့တပ်ဆင်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပြည်မြို့ ရွှေဆံတော်စေတီတော်သို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး စေတီတော် ဘက်စုံပြုပြင် တည်ဆောက်နိုင်ရေး အလှူငွေကျပ်(၅)သိန်းအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)