လယ်ဝေး စက်တင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နန္ဒာကျော်နှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပေးကြောင်း၊ ပုံမှန်အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃ဝ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်တွင် ၆၃၀၃ ဦးအား ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် စက်တင်ဘာ ၁ ရက်မှ ၈ ရက်အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


