ဒေါ့ဖုန်းယန် စက်တင်ဘာ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဉီးဆောင်မှုဖြင့် ကော်မတီအဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁ နာရီက လူစည်ကားရာနေရာများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း မြန်မာ၊ ကချင် ဘာသာစကားဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေါ့ဖုန်းယန်မြို့ လူစည်ကားရာနေရာများဖြစ်သည့် စည်ပင်သာယာရေးစျေး၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်း တစ်လျှောက်နှင့် ရပ်ကွက်များအတွင်းသို့ Hand Speaker ဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးတို့အတွက် မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအိမ်အပြင် မထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များလက်မခံရန်နှင့် မိမိတို့ကလည်းအခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အခြားသူများနှင့် အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ စျေးဝယ်ခြင်းများ ရှောင်ကျဉ်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စနစ်တက်ဆေးကြောရန်၊ လက်ဆေးခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းစည်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ကြရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်ဖြစ်စေ၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန်၊ လူစုလူဝေးရှိသည့်နေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာ၊ ကချင်ဘာသာစကားတို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့များဖြစ်သော မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများ၊ ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒေါ့ဖုန်းယန်(ပြန်/ဆက်)


