မုဒုံ စက်တင်ဘာ ၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ဩဂုတ် ၃၁ ရက်က မုဒုံမြို့နယ်ပြည်သူ့ဆေးရုံ၊ ကမာဝက်တိုက်နယ်ဆေးရုံ၊ ကလော့သော့ကျေးရွာနှင့် တံခွန်တိုင်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနတို့၌ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း(၂၅၅)ဉီးအား RDT Test-Kit ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ အမျိုးသား (၁၇)ဉီး၊ အမျိုးသမီး (၂၂)ဉီး စုစုပေါင်း (၃၉)ဉီး တွေ့ရှိခဲ့သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများကို မုဒုံမြို့နယ်ပြည်သူ့ဆေးရုံနှင့် ကမာဝက်တိုက်နယ်ဆေးရုံရှိ စင်တာတို့တွင် ဆေးကုသခံယူလျက်ရှိသည်။
ယခုကဲ့သို့ စစ်ဆေးဆောင်ရွက်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုနှုန်း အမှန်တကယ်လျော့နည်းကျဆင်းမှု ရှိ/မရှိကို သိရှိနိုင်ရန်အတွက် စစ်ဆေးပေးခြင်းဖြစ်ကြောင်း မြို့နယ်အတွင်း၌ ကျန်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို စက်တင်ဘာ ၄ ရက်နေ့အထိ ဆက်လက်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် ကျန်းမာရေးဉီးစီးဌာနမှ တာဝန်ရှိတစ်ဉီးက ပြောသည်။
မုဒုံမြို့နယ်တွင် သြဂုတ် ၃၁ ရက်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း (၉၄၀)ဉီးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၇၅၀)ဉီးနှင့် သေဆုံးသူ(၆၂)ဉီး ရှိပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


