mdn

နေပြည်တော် စက်တင်ဘာ ၁

နိုင်ငံ့ဂုဏ်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်း များ၏ ဘဝနောင်ရေးအာမခံချက်ရရှိရေး အစီအမံများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားဟောင်းများဘဝနောင်ရေးအာမခံချက် ရရှိစေရေးအတွက် နိုင်ငံတော်မှ အထူးအလေး ပေးဆောင်ရွက်ရန် မူဝါဒချမှတ်ထားပါကြောင်း၊ အားကစားသမားတစ်ယောက်သည် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားဖြစ်ရန် ဘဝသက်တမ်းတစ်လျှောက်လုံး အားကစားတွင် စိတ် ရောကိုယ်ပါနှစ်မြှုပ်ပြီး ကြိုးစားဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပါကြောင်း၊ ယခုအခါ အားကစား သမားဟောင်းများသည် အနားယူပြီး မကစားနိုင်ချိန်တွင် အများစုမှာအထောက်အကူမဲ့ ချို့တဲ့စွာနေထိုင်နေရပါကြောင်း၊ အားကစားသမား ဟောင်းများအား နိုင်ငံတော်အနေဖြင့် တစ်စိတ်တစ်ပိုင်း အထောက်အကူအသိအမှတ်ပြု ဆောင်ရွက်ပေးမည်ဆိုပါက လက်ရှိ အားကစားသမားများအနေနှင့် နိုင်ငံတော်အတွက် ကြိုးစားရာတွင် တစ်ချိန် မိမိတို့အား နိုင်ငံ တော်မှ ပြန်လည်ကြည့်ရှု၍ နောင်ရေးစီမံဆောင် ရွက်ပေးထားသည်ဟူသော အသိရှိလာပါက ယခင်ထက် ပိုမိုယုံကြည်ချက်မြင့်မားပြီး နိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက် လာမည်ဖြစ် ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား နိုင်ငံတကာမှထောက်ပံ့ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ လက်ရှိမြန်မာနိုင်ငံ Asian Game ၊ SEA Games ဆုရရှိသူများအား ထောက်ပံ့နေမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက လက်ရှိနိုင်ငံ့လက်ရွေးစင် ကစား သမားများအား အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စီစဉ်ဆောင်ရွက်ပေးနေမှု၊ နည်းပြအဖြစ် ခန့်အပ်ထားရှိမှုအခြေအနေ၊ အားကစားသမားဟောင်းများအား ပင်စင်အဖြစ် ဆုတံဆိပ် ရရှိမှုအပေါ်မူတည်ပြီး လစဉ်ပေးအပ်နိုင်ရေးဘတ်ဂျက် ရေးဆွဲဆောင်ရွက်ထားရှိမှု၊ အားကစား သမားများ စာရင်းကောက်ယူရရှိမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံ့လက် ရွေးစင် အားကစား သမားဟောင်းများအသင်း ဥက္ကဌ ဦးနန္ဒကျော်စွာက အားကစားသမား များ၏ စွန့်လွှတ်စွန့်စားမှုကို အသိအမှတ်ပြုသောအားဖြင့် နိုင်ငံတကာဆုရရှိမှုအပေါ်တွင် လည်း ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အသိအမှတ်ပြုချီးမြှင့်စေလိုမှု အခြေအနေကိုလည်း ကောင်း၊ နိုင်ငံတကာလက်ရွေးစင် အားကစားသမားဟောင်းများအသင်း အတွင်းရေးမှူး ဦးစိုးဝင်းက လက်ရှိနိုင်ငံ့အားကစား သမားဟောင်းများအား ထောက်ပံ့ပေးမှု အစီအစဉ် များဖြင့် လက်ရှိ အားကစားသမားများ ဘဝနောင်ရေးအတွက် ကြိုတင်စီမံ ထောက်ပံ့နိုင်ရေး အစီအစဉ်များ ကိုလည်းကောင်း တင်ပြဆွေးနွေးကြသည်။

    
ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက မသန်စွမ်း အားကစားသမား များအား ဖြည့်စွက်ထောက်ပံ့ပေးနိုင်ရေး အစီအစဉ်များ၊ အားကစားသမားဟောင်းများတွင် ကျန်းမာရေးအာမခံချက် ထားရှိဆောင်ရွက်နိုင်ရေး အစီအစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။ 
     
(သတင်းစဉ်)