ကော့သောင်း စက်တင်ဘာ ၂

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိမှုများပြားသည့်အတွက် ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ဖြတ်တောက်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဌာနမှ ပိုးတွေ့သူနှင့် ဆက်စပ်သူများအား RDT ဖြင့်လိုက်လံစစ်ဆေးဖေါ်ထုတ်လျက်ရှိရာ စက်တင်ဘာ ၁ရက် ညနေပိုင်းက အေးရိပ်ငြိမ် ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

“အဓိကအားဖြင့် ရပ်ကွက်များတွင် ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ရောဂါပိုးရှိနေသူများကို ဖော်ထုတ်ပြီးတော့ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း၊ ရပ်ကွက်များအတွင်း ပိုးတွေ့သူများနှင့် ဆက်စပ်သူများကို ကျန်းမာရေးဌာနက အခမဲ့ကွင်းဆင်းစစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိမှု များပြားသည့် ရပ်ကွက်နှင့် ကျေးရွာများ အထိ မိုဘိုင်းအသွင်သဏ္ဍာန်ဖြင့် ရောဂါထိန်းချုပ်နိုင်သည့် အချိန်အတိုင်းအတာတစ်ခုအတွင်း လူဦးရေ(၃၀၀၀)ခန့်အထိ လိုက်လံစစ်ဆေးရန်အစီအစဉ်ရှိကြောင်း၊ ရောဂါပိုးရှိသူကို စစ်ဆေးတွေ့ရှိပါက ရောဂါပိုးတွေ့ရှိသူများ ထားရှိသည့်စင်တာသို့ ပို့ဆောင်ကာ ဆေးကုသမှု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကော့သောင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလင်းထိုက်က ပြောသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များဖြင့် လိုက်လံစစ်ဆေးခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုများသည့် အေးရိပ်ရပ်ကွက်အတွင်း လူ(၁၀)ဦးအား စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူ တစ်ဦးတွေ့ရှိခဲ့ကြောင်း၊ ဆက်လက်၍ မြို့ပေါ်အခြားရပ်ကွက်များနှင့်ကျေးရွာများအထိ ရောဂါပိုးရှိသူများကို စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)