မိုင်းခုတ် စက်တင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့သည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်ဆိုင်းဘုတ်အနီးတွင် (နောင်တုံ)ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ထားရှိကာ ဌာနဆိုင်ရာများမှ တာဝန်ကျဝန်ထမ်းများက နံနက်ပိုင်းမှ ညနေပိုင်းအထိ နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့အဝင်(နောင်တုံ)ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပြန်/ဆက်၊ မီးသတ်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများပါဝင်ပြီး မြို့အတွင်းဝင်ရောက်လာသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ မေးမြန်းကောက်ခံခြင်းနှင့် အခြားဒေသမှ ဝင်ရောက်လာသူများဖြစ်ပါက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို RDT ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပိုးတွေ့ရှိသူများရှိပါက မြို့တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုပေးခြင်းကိုလည်းကောင်း၊ ရောဂါပိုးမတွေ့ရှိသူများအား အမှတ်(၂)ရပ်ကွက်ရှိ Quarantine Centre တွင်လည်းကောင်း အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မိုင်းခုတ်မြို့တွင် ဩဂုတ် ၁၃ ရက်က မိုင်းဆတ်မြို့သို့သွားမည့် အမျိုးသားလေးဦး၊ ဩဂုတ် ၁၆ ရက်က နေရပ်ပြန်လာသူတစ်ဦးနှင့် ဩဂုတ် ၃၀ ရက်က မိုင်းခုတ်မြို့သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်မောင်းတစ်ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဩဂုတ် ၂၆ ရက်တွင် အတည်ပြုလူနာလေးဦးနှင့် ဩဂုတ် ၂၉ ရက်တွင် အတည်ပြုလူနာတစ်ဦးတို့အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ လက်ရှိတွင် မိုင်းခုတ်မြို့တိုက်နယ်ဆေးရုံ ကိုဗစ်-၁၉ ကုသဆောင်၌ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူ တစ်ဦးသာကျန်ရှိနေပြီး၊ ဒေသတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အားချာ၊ အောင်လွင်ဌေး


