မဘိမ်း စက်တင်ဘာ ၂           
                              
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး(RS to CS) မျိုးစေ့ထုတ်တောင်သူများအား ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂ ရက်က ဘဟဲကျေးရွာ၊ တောင်သူ ဦးဝင်းမြင့်အောင်၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက မိုးစပါး(RS to CS) မျိုးစေ့ထုတ်တောင်သူများအား အာမို(ဒိုင်း မွန်း) ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ မဘိမ်းမြို့နယ်အတွင်းရှိ  မိုးစပါး(RS to CS) မျိုးစေ့ထုတ်စိုက်ပျိုးသူ မြို့မရပ်ကွက်မှ တောင်သူ(၂)ဦး၊ မလှိုင်ကုန်းကျေးရွာမှ တောင်သူ((၅)ဦး၊ ဘဟဲကျေးရွာမှ တောင်သူ(၃ဝ)ဦး၊ လဝါကျေးရွာမှ တောင်သူ(၂)ဦးနှင့် မန်ကင်ကျေးရွာမှ တောင်သူ(၁၂)ဦး၊ စုစုပေါင်းတောင်သူ(၅၁)ဦး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက(၁၃၂)ဧကအတွက် တောင်သူတစ်ဦးလျှင် အာမို(ဒိုင်းမွန်း) ဓာတ်မြေ ဩဇာအိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်းအာမို (ဒိုင်းမွန်း) ဓာတ်မြေဩဇာ(၅၁)အိတ်ကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်နှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ 

မျိုးမင်း (ပြန်/ဆက်)