နေပြည်တော်၊စက်တင်ဘာ ၂
ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းဖြစ်သည့် ပန်းခင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း ပြီးစီးရန် လျာထားသည့် လုပ်ငန်းပမာဏပြည့်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုကို ရပ်တန့်ခြင်းမျိုးမဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေးညွှန်ကြားချက်များ အတိုင်းတိကျစွာလိုက်နာ၍ တတ်နိုင်သမျှနည်းလမ်း၊ ဖြစ်နိုင်ချေရှိသမျှ လုပ်နည်း လုပ်ဟန်များ ရှာကြံကာ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ရုံးများအနေဖြင့် နယ်မြေဒေသအလိုက် ဆောင်ရွက်ရမည့်အခြေအနေများကို အသေးစိတ်ရေးဆွဲကာ သက်ဆိုင်ရာဒေသ အာဏာပိုင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ထားကြရန် လိုကြောင်း။
ပန်းခင်းစီမံချက်သည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သကဲ့သို့ ပြည်သူတစ်ဦး ချင်းအတွက်လည်း နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိခံစားနိုင်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မဖြစ်မနေအရေးကြီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်နိုင်မည့် အခွင့်အရေးတစ်ရပ် ဖြစ်သည့်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခု ဆောင်ရွက်ရမည့်လုပ်ငန်း ပမာဏများသည့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေစသည့် တိုင်းဒေသကြီး/ ပြည်နယ် (၄) ခု၏ ဆောင်ရွက်ချက်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဆောင်ရွက်ချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန် စီစဉ်ထားရှိကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီ နယ်မြေဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ဗီဒီယိုကွန့်ဖရင့် စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့်တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြပြီး တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


