နေပြည်တော် စက်တင်ဘာ ၂
စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံတစ်ဝှမ်းရှိ စိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး နှင့် တောင်သူများ၊ လုပ်ငန်းရှင်များ ၏ လိုအပ်သော နည်းပညာနှင့် အကူအညီများပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁ ရက်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်းများ အတွက် သင်ကြားရေး အထောက်အကူပြု လုပ်ငန်းများ တည်ဆောက် မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီပြီးစီးရေး၊ ဆရာ ဆရာမများ အရည်အချင်းမြှင့်တင်ပေးနိုင်ရေး၊ သင်ကြားမှုသင်ယူမှု မထိခိုက်စေရေးနှင့် ကျန်းမာရေး ဆိုင်ရာ အစီအမံများ ထည့်သွင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ငါးဖမ်းရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေး ဗဟိုဌာန (နေပြည်တော်) ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝေလင်းမောင် က ငါးလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ဆဲလုပ်ငန်းများ နှင့် ဘဏ္ဍာနှစ် အလိုက် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူ များနှင့် တွေ့ဆုံရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း က သဘာဝဘေးဒဏ်ခံ ဒေသ များသို့ တိရစ္ဆာန် အစာနှင့် တိရစ္ဆာန်သုံး ဆေးဝါး ဖြန့်ဖြူးပေးနေမှုများကိုလည်းကောင်း၊ မျိုးကောင်း မျိုးသန့် တိရစ္ဆာန် ဖြန့်ဖြူးခြင်း၊ မြစိမ်းရောင် (အသားကဏ္ဍ)ကျေးရွာ ထူထောင် ခြင်းနှင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ဇုန် တည်ထောင်ခြင်း လုပ်ငန်း များ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


