တောင်သာ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သော လူမှုရေးအသင်းအဖွဲ့၊ ပရဟိတအဖွဲ့နှင့် ဝန်ထမ်းများအား ဂုဏ်ပြုထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဉက္ကဌ ဦးဟန်သူရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သော လူမှုရေးအသင်းအဖွဲ့၊ ပရဟိတအဖွဲ့နှင့် ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုနှုန်းနှင့် ကူးစက်ပြန့်နှံမှု မရှိစေရေး ထိရောက်စွာ ပါဝင်ကူညီပေးခဲ့မှုကို အသိအမှတ်ပြုကြောင်း ကျေးဇူးတင်စကားပြောကြားပြီး လူမှုရေးအသင်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဟန်သူရနှင့် အဖွဲ့ဝင် ဗိုလ်မှူးအောင်ကိုကို၊ တာဝန်ရှိသူများက ကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ ထောက်ပံ့ငွေများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့၊ နအတ္တလူမှုကူညီရေးအသင်း၊ မေတ္တာစိတ်တ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက အသီးသီးလက်ခံရရှိခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မေတ္တာစိတ်တ လူမှုကူညီရေးအသင်း ဦးစိုးပိုင်းဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)