ဟင်္သာတ၊ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်မြို့၏ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၄၄)ပေဖြစ်၍ ယခုအခါ  ဧရာဝတီမြစ်ရေသည် (၄၄ ဒသမ ၂၅) သို့ ရောက်ရှိလာပြီး အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဖောင်ဆိပ်ရေကာတာနှင့် ဦးမိုးလေးဖြတ်တာဟောင်း အဆုံထိပ် တာအပြင်ပိုင်းတွင် စက်တင်ဘာ ၂ ရက်က အရှည်ပေ (၅၀) ခန့် ပြိုကျမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မြစ်ရေတိုက်စားသည့် နေရာပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် အိမ်ခြေ (၁၂၈)၊ အိမ်ထောင်စု (၁၂၈) စု လူဦးရေ စုစုပေါင်း (၄၇၂) ဦးတို့ကို ဘေးလွတ်ရာ ဆည်မြောင်းရေကာတာပေါ်တွင် ယာယီရွှေ့ပြောင်း နေထိုင်နိုင်ရေးအတွက် စက်တင်ဘာ ၂ ရက်မှစတင်ကာ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြောင်းရွှေ့နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပြောင်းရွှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများက စုပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဇော် (ခရိုင် ပြန်/ဆက်)