ပဲခူး စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ် အတွင်းရှိ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၂)သိန်း၊ PPE Level(1) ဝတ်စုံအထည် (၂၀၀)၊ Flow Meter (၃၀)စုံ၊ Oxygen Concentrator (၃)လုံး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ရွှေတောင်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း Oxygen Plant အဆောက်အဦ ဆောက်လုပ်ရန်အတွက် စေတနာရှင်တစ်ဦး၏ လှူဒါန်းငွေ ကျပ်သိန်း (၁၈၀)နှင့် မြို့မိ/မြို့ဖ စေတနာရှင်များမှ Oxygen Plant စက်အသစ် ဝယ်ယူနိုင်ရေးအတွက် လှူဒါန်းငွေကျပ် သိန်း(၆၀၀)တို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လက်ခံရယူခဲ့ပြီး Oxygen Plant စက်အသစ် တပ်ဆင်ရန်အတွက် လိုအပ်ငွေနှင့် ဆေးရုံအတွက် လိုအပ်သော (200)KVA ထရန်စဖော်မာ (၁) လုံး တပ်ဆင်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရွှေတောင်မြို့နယ် ထန်းကုန်းတာဂွလမ်းဆုံမှ မဟာသိုက်ကုန်းလမ်းဆုံအထိ (၁)မိုင် (၄)ဖာလုံ ကတ္တရာလမ်းခင်းခြင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား သွားရောက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ လမ်းအရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီး နိုင်ရေးနှင့် လမ်းပခုံးသားများ အမာခံရရှိရေး စနစ်တကျဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထန်းကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ခဲ့ပြီး ကျေးလက်နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သဲကုန်းမြို့နယ် ပွဲပြည့်စိုက်ပျိုးရေးမျိုးပွားခြံသို့ ရောက်ရှိခဲ့ပြီး မျိုးစေ့သန့်စင်စက် လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ စပါးမျိုးကွဲများအလိုက် အရွယ်အစားနှင့် အလေးချိန်တူညီသော မျိုးစေ့များ ထုတ်လုပ်သွားရန်၊ ဖုံ၊ သဲ၊ ခဲ နှင့် အဖျင်းအမှော်၊ အခြားသီးနှံနှင့် ပေါက်မျက်စေ့များ မပါဝင်စေရေး အထူးဂရုပြုဆောင်ရွက်သွားရန်၊ တောင်သူများအတွက် အမှန်တကယ်အားထားရသည့် မျိုးစေ့သန့်စင်စက်ဖြစ်၍ စက်ကြံ့ခိုင်ရေးအား စဉ်ဆက်မပြတ် အလေးထားကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပွဲပြည့်မျိုးသန့်မျိုးပွားခြံမှ မျိုးသန့်မျိုးစေ့များ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ရတနာတိုး(၇၀)ဧကနှင့် ဆင်းသုခ(၂၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများအတွက် သဘာဝသစ်ဆွေးမြေဩဇာ (၅)အိတ်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့သည်။ 

၎င်းနောက် သဲကုန်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံစားခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအတွက် တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၀)သိန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေး အထောက်အကူပြုပစ္စည်းများ၊ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေကျပ် (၅)သိန်း၊ Volunteer များအတွက် သီးခြားထောက်ပံ့ငွေကျပ် (၅)သိန်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး တံဆိပ်ရိုက်နှိပ်ထားသည့် တီရှပ်အင်္ကျီများနှင့် အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကာ သဲကုန်းမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ရှိ တာဝန်ထမ်းဆောင်နေသူများအတွက် နှာခေါင်းစည်း Mask နှင့် အအေးဘူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပေါင်းတည်မြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များနှင့်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ကာ တာဝန်ထမ်းဆောင်ရင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းနှင့် Volunteer များအတွက် တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၄)သိန်း၊ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထောက်ပံ့ငွေကျပ် (၅)သိန်း၊ Volunteer များအတွက် သီးခြားထောက်ပံ့ငွေကျပ် (၅)သိန်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကုသရေးအထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံဝင်းအတွင်း ဆေးရုံပတ်လမ်း တည်ဆောက်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)