နေပြည်တော်  စက်တင်ဘာ ၃

 

မြေဩဇာများ အရည်အသွေးပြည့်မီရေး ဈေးနှုန်းမှန်ကန်ရေးနှင့် တောင်သူများ အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ကြရန် မြေဩဇာကော်မတီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းကျောင်းကြပ်မတ်ပေးလျက်ရှိ သကဲ့သို့ Covid-19 ကာလအတွင်း ကုန်သွယ်ရေးအခက်အခဲနှင့် ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့် ဈေးနှုန်းမြင့်မားလာသည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးသူတောင်သူများ လျှော့ချအသုံးပြုနိုင်မည့် နည်းလမ်း များ၊ သဘာဝမြေဩဇာများ သစ်စိမ်းမြေဩဇာများနှင့် တွဲဖက်အသုံးပြုနိုင်မည့် နည်းပညာများကို ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက  ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စက်တင်ဘာ ၃ ရက်က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် မြေဩဇာကော်မတီ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

 

မြေဩဇာတင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်၊ တင်ပို့ခွင့် မှတ်ပုံတင်လက်မှတ်များကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်၍  ခွင့်ပြုထုတ်ပေးလျှက်ရှိရာ (၃၂)ကြိမ်မြောက် မြေဩဇာကော်မတီ အစည်းအဝေးထိ  စုစုပေါင်း မှတ်ပုံတင် (၈၃၄၇)စောင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ မြေဩဇာမှတ်ပုံ တင်လျှောက်ထားလာသည့် လုပ်ငန်းများအတွက် Covid-19 ကာလအတွင်း လူချင်းထိတွေ့မှုမရှိစေရန်၊ လုပ်ငန်းရှင်များ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးတို့အတွက် စိုက်ပျိုးရေးသွင်းအားစု မြေဩဇာများကို Online စနစ်ဖြင့် မှတ်ပုံတင်ခြင်း Myanmar Agricultural Imports Registration System (MAIRS) လုပ်ငန်းကို Online စနစ်ဖြင့် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

ကုမ္ပဏီများ လုပ်ငန်းရှင်များနှင့် တောင်သူများမှ လုပ်ငန်းများအဆင်ပြေစွာ အချိန်နှင့်တပြေးညီ ဆောင်ရွက် နိုင်ကြစေရန် ၂၀၂၁ ခုနှစ်၊ ဧပြီ (၂၁) ရက်တွင် တင်သွင်းခွင့် မှတ်ပုံတင်ခွင့်ပြုထားခဲ့သည့်  မြေဩဇာ တင်သွင်းခွင့်လျှောက်လွှာ (၉၅)စောင်နှင့် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလာသော လျှောက်လွှာ (၃၉၆) စောင်တို့နှင့်ပတ်သက်၍ ယနေ့ကျင်းပ အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)