မင်းဘူး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ သနပ်ပင်စုအုပ်စု၊ ကျောင်းကုန်းကျေးရွာ၌ သဘာဝဘေးကြောင့် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၁၇)စုအတွက် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၉ နာရီက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
“ကျောင်းကုန်းကျေးရွာမှာ အိမ်ခြေ (၉၅)အိမ်၊ အိမ်ထောင်စုပေါင်း (၁၁၀)စု၊ လူဦးရေ (၅၂၀)ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျခဲ့တာကြောင့် လူနေအိမ် (၁၇)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရပါတယ်။ ဒီနေ့အချိန်ထိဆိုရင် ကမ်းပြိုဘေးသင့် အိမ်ထောင်စုပေါင်း (၄၀)ရှိသွားပြီ၊ လူဦးရေ (၁၅၈)ဦးနဲ့ ကျွဲနွားတိရစ္ဆာန်တွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားပါတယ်” ဟု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသစ်လွင်က ပြောသည်။
အဆိုပါ ကမ်းပြိုဘေးသင့် လူနေအိမ် (၁၇)လုံးမှ အိမ်ထောင်စုပေါင်း (၁၇)စုအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် (၁,၇၀၀,၀၀၀)၊ လူဉီးရေ (၆၀)ဉီးတို့အတွက် ဆန်ရိက္ခာဖိုး ငွေကျပ် (၁၂၆,၀၀၀)၊ စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေကျပ် (၁,၈၂၆,၀၀၀) နှင့် နှာခေါင်းစည်း Mask အခုရေ (၁၃၀၀)ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် တာဝန်ရှိသူများက ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြစ်ရေဝင်ရောက်မှုများနှင့် မြစ်ကမ်းပါးပြိုကျမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


