ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့လိုင်းခန်းသို့ သွားရောက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက် မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျားဈေးကား(Mobile Market) စနစ်ဖြင့် ရောင်းချနေမှုကိုလည်းကောင်း၊ စည်ပင် သာယာရဲတပ်ဖွဲ့ စာကြည့်တိုက်သို့လည်းကောင်း ၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းတစ်လျှောက်၊ ဟံသာဝတီလမ်းနှင့် ဗဟိုလမ်းဆုံ မီးပွိုင့်မှ ဝေဠုဝန်(၂)လမ်းထိ လမ်းဘေးဝဲ/ယာ ရေမြောင်းများအတွင်း အမှိုက်နှင့် မြောင်းချေး များအား ဆယ်ယူရှင်းလင်းနေမှု၊ လူသွားစင်္ကြံပလက်ဖောင်းများအား ရေသယ်ယာဉ်များဖြင့် ဆေးကြောသန့်စင် နေမှုနှင့် လူနေအိမ်များ၊ ဈေးဆိုင်များနှင့် မလွတ်ကင်းသော အန္တရာယ်ရှိ သစ်ပင် ကြီးများအား ခုတ်ထွင် ရှင်းလင်းပုံသွင်းနေမှုတို့ကို လည်းကောင်း၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ တာဝန်ယူ ဆောင်ရွက်နေသော လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အုတ်ကျင်းဂုန်နီစက်ရုံမှ သီရိမင်္ဂလာ ပိတောက်ချောင်းအထိ အရှည် ၂၆၇၅ ပေ၊ အကျယ် ၈ ပေ၊ ထု ၆ လက်မရှိ ကွန်ကရိ လူသွားစင်္ကြံနှင့် စက်ဘီးလမ်း ပြုလုပ်နေမှုနှင့် ပန်းဥယျာဉ် နှင့်အားကစားကွင်းများဌာနမှ စင်္ကြံနှင့် ဘုရင့်နောင် လမ်းမကြီးအကြားအကျယ် ၁၆ ပေရှိ မြေဧရိယာ၌ ပန်းပင်နှင့် မြက်ပင်များ စိုက်ပျိုးနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


