ပဲခူး စက်တင်ဘာ ၄

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ စက်တင်ဘာ ၃ ရက်က သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်ချင်းဆက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်အား ဆက်သွယ်ထားသည့် တောင်ကြို့ကုန်းလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူက လမ်းအဆင့်မြှင့်တင် ဆောင်ရွက်မှု အပိုင်းလိုက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရန်အတွက် ဘက်ဂျက်လျာထားဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ‌ကောင်းမွန်ရေးသည် အဓိကဖြစ်‌နေသဖြင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး စက်ယန္တရားများဖြင့် ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုခဲ့သည်။

 

mdn

 

အဆိုပါ တောင်ကြို့ကုန်းလမ်းသည် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်အား ဆက်သွယ်ထားပြီး လက်ပံတန်းမြို့နယ်အပိုင်းတွင် (၆/၁.၁၁)မိုင်နှင့် မင်းလှမြို့နယ်အပိုင်းတွင် (၇/၇) မိုင် စုစုပေါင်း (၁၄/၀.၁၁) မိုင်ရှည်သော လမ်းဖြစ်သည်။ လက်ပံတန်းမြို့နယ်အပိုင်းတွင် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်၌ (၂/၂) မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး မင်းလှမြို့နယ်အပိုင်းတွင် (၀/၅.၈၇၆) မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလမ်းသည် လက်ပံမြို့နယ်နှင့် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၇ ရွာ၊ အိမ်ခြေ ၁၄၆၁၀၊ လူဦးရေ ၆၁၅၈၅ ဦးတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့အတွက် အကျိုးပြုနေသော လမ်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ် ၄၃၃ သန်းဖြင့် ဇီးကုန်း - ကံညီကို - သာပေါင်း - လယ်တွင်းလမ်း (၁/၆.၁)မိုင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းနေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ကျန်ရှိသည့် လမ်းပိုင်း (၀/၀.၄၉) မိုင်အား ကွန်ကရစ်လမ်းအဖြစ် ထပ်မံအဆင့်မြှင့်တင်နိုင်ရေး ကျပ်သိန်း ၁၂၀ အား ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။

 

အဆိုပါ ဇီးကုန်း - ကံညီကို - သာပေါင်း - လယ်တွင်းလမ်းသည် အရှည် (၁/၆.၅၉) မိုင် ရှိသော လမ်းဦးစီးဌာနပိုင်ဖြစ်ပြီး ဇီးကုန်း - တာပွန်လမ်းနှင့် မြို့တွင်းစည်ပင်လမ်းတို့ဖြင့် ချိတ်ဆက်ထားသည့် Class A အမျိုးအစားလမ်းဖြစ်ရာ ကျေးရွာ ၁၁ ရွာ၊ အိမ်‌ခြေ ၁၀၂၈ အိမ်၊ လူဦးရေ ၄၀၂၃ ဦးတို့အား အကျိုးပြုသော လမ်းဖြစ်ကြောင်း သိရှိရသည်။

 

တင်စိုး(ပဲခူး)