ပခုက္ကူ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နုံ့းပို့ကျေးရွာ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဉာဏ်တော် ကိုးတောင်၊ လုံးပတ်တော် ၂၈ တောင်ရှိ လေးဆူတော်စေတီ တစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော် လေးဆူ၊ ဉာဏ်တော် ၂၇ တောင်၊ လုံးပတ်တော် တောင် ၈၀ ရှိသည့် ရှစ်မျက်နှာ စေတီတော်တစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော် ရှစ်ဆူ၊ အလျားပေ ၆၀၊ အနံပေ ၆၀၊ အမြင့် ၁၅ ပေရှိ သွပ်မိုး၊ အုတ်ခင်း၊ သစ်မာ၊ သစ်လုံးတိုင်တို့ဖြင့် တည်ဆောက်ထားသည့် အာရုံခံတန်ဆောင်း စသည့် ရှေးဟောင်းစေတီတော်များနှင့် အဆောက်အအုံတို့မှာ စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
နုံ့းပို့ကျေးရွာတွင် အိမ်ခြေ ၃၉ အိမ်၊ အိမ်ထောင်စု ၄၈ စုနှင့် လူဦးရေ ၂၂၁ ဦး ရှိပြီး ရေပေါ်ကျွန်းများ၌သာ စိုက်ပျိုးလုပ်ကိုင် စားသောက်လျက် ရှိကြကြောင်း၊ စက်တင်ဘာ ၂၀ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုတို့ကြောင့် ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် အားလုံး၌ ရေဝင်ရောက်လျက် ရှိကြောင်း၊ ယခုအခါ ကျေးရွာပြည်သူအားလုံး၏ စိုက်ပျိုးမြေများမှ ၁၅ ဧကလောက်သာ ကျန်ရှိကြောင်း၊ ကျေးရွာရှိ လူတချို့နှင့် ကျွဲ၊ နွားတိရစ္ဆာန်များမှာ ဥယျာဉ်ကျေးရွာတွင် ယာယီတဲများတည်ဆောက်ပြီး ပြောင်းရွှေ့နေထိုင်ကြကြောင်း၊ ကျေးရွာသမိုင်း အထောက်အထား စာရွက်စာတမ်းများနှင့် ရှေးဟောင်းပစ္စည်းများ မပျောက်ပျက်စေရေး စနစ်တကျ ထိန်းသိမ်းထားကြောင်း၊ ဧရာဝတီမြစ်ရေ ပိုမိုမြင့်တက်လာပါက ကျေးရွာလုံးကျွတ် ပြောင်းရွှေ့ရမည်ဖြစ်သော်လည်း အတည်တကျ ပြောင်းရွှေ့နေထိုင်ရန် မြေနေရာအခက်အခဲရှိ၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း နုံ့းပို့ကျေးရွာ ရွာခွဲတာဝန်ခံ ဦးအောင်ဆန်းလွင်က ပြောပြသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


