မင်းတပ် စက်တင်ဘာ ၄
ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို မင်းတပ်မြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်တွင် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မင်းတပ်မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗဟိုသာသနာပြုကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ မင်းတပ်မြို့ရှိ ကျောင်းတိုက် ၇၄ ကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် သံဃာ ၁၄၅ ပါးနှင့် သီလရှင် ခုနစ်ပါးတို့အတွက် တစ်ပါးလျှင် ငွေကျပ် ၁၈၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ဝါတွင်းကာလ ဆွမ်းပြည့်စုံမှု ရှိစေရေးအတွက် ဆန်၁၅ အိတ်၊ ဆီ ၁၅ ပိဿာ၊ ဆား ၁၅ ပိဿာ၊ ကြက်သွန်နီ ၁၅ ပိဿာ၊ Mask ၁၅ ဘူးနှင့် Hand Gel ၁၅ ဘူး တို့ကို ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဗိုလ်မှူးကြီးအောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ခရစ်ယာန် ဘာသာရေးကျောင်းများရှိ သင်းအုပ်ဆရာတော် ၂၂၀ အတွက် ငွေကျပ် ၃၉၆၀၀၀၀ ကို ချင်းပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ဗိုလ်မှူးကြီးအောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)


