နေပြည်တော် စက်တင်ဘာ ၄  

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြင်ညောင်ရှိ ရွှေတောင်သတ္တု တူးဖော်ရေး ကုမ္ပဏီလီမိတက်၏ ထုံးကျောက်လုပ်ကွက်၊ အပါချီဘိလပ်မြေစက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး သည်။

 

ကွင်းဆင်းစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုစက်ရုံသည် တစ်ရက် ဘိလပ်မြေ တန်ချိန် ၅၅၀၀ ထုတ်လုပ်နိုင်ပြီး လိုအပ်သောထုံးကျောက်ကုန်ကြမ်းကိုလည်း လုံလောက်စွာ အနီးအနားတွင် ရရှိနိုင်သည့် အတွက် စက်စွမ်းအားပြည့်ထုတ်လုပ်နိုင်သည့် အခြေအနေတွင်ရှိကြောင်း၊ ထုံးကျောက်ထုတ်လုပ်မှုနှင့် ဘိလပ်မြေစက်ရုံလည်ပတ်မှု လုပ်ငန်းဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပိုင်းကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်မှသာ Responsible Investment ဖြစ်စေပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်မှု Sustainable Development ကိုရရှိစေမှာဖြစ်ကြောင်း၊ Responsible Investment တွင် Environment ၊ Social ၊ Governance – ESG ကိုလည်း ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဘိလပ်မြေထုတ်လုပ်ရာမှ ထွက်ရှိလာသော ထုတ်လွှတ်အခိုးအငွေ့များကို စနစ်တကျထိန်းချုပ်သည့်စနစ်များ၊ ပုံမှန်စောင့်ကြည့်စစ်ဆေးသည့်စနစ်များ တပ်ဆင်ဆောင်ရွက်သွားရန် လိုကြောင်း၊ စက်ရုံအနေဖြင့် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ထိခိုက်မှု၊ ဂေဟစနစ်ပျက်ဆီးမှု၊ ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပေါ်စေရးအတွက် အတည်ပြုထားပြီးဖြစ်သော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း Environmental Impact Assessment – EIA အစီရင်ခံစာနှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန်နှင့် ရေရှည်တွင် သန့်ရှင်းသောနည်းပညာ Clean Technology များကိုလည်း ပြောင်းလဲ တိုးတက်လာသောခေတ်နှင့်အညီ မြှင့်တင်ဆောင်ရွက် သွားရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက ထုံးကျောက်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်၊ ဘိလပ်မြေစက်ရုံ လည်ပတ် ဆောင်ရွက်ဆောင်ရွက်မှုနှင့် EIA အစီရင်ခံစာအပေါ် အဆင့်အလိုက် လိုက်နာဆောင်ရွက်ထားရှိများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အရှေ့ရေပေါင်းစုံ ကြိုးဝိုင်း၊ အကွက်အမှတ် ၁၀ တွင် သစ်တောဦးစီးဌာနက တည်ထောင်ထားသော ကျွန်းသစ်စေ့ထုတ်ဧရိယာ ၂၁ ဧကသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)