မင်းဘူး စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြေနိမ်းပိုင်းဒေသများရှိ မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စုပေါင်း (၁၅၇)စုအတွက် ထောက်ပံ့ငွေများကို စက်တင်ဘာ ၃ ရက် ညနေပိုင်းက မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက “မြေနိမ့်ပိုင်း မြို့ပေါ်ကရပ်ကွက်အချို့နဲ့ ကျေးရွာတွေမှာ မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းတွေနဲ့ ရေဘေးလွတ်ရာနေရာတွေမှာ ပြောင်းရွေ့နေထိုင်ကြရတဲ့ အိမ်ထောင်စုပေါင်း (၁၅၇)စုက လူဦးရေ (၂၈၇)ဦး အတွက် ထောက်ပံ့ပေးအပ်ခဲ့တာပါ။ ယခုပေးအပ်တာကတော့ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်နေ့အထိ ရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ထောင်စုတွေပဲဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရေဘေးသင့်အိမ်ထောင်စုပေါင်း (၁၅၇)စုမှ လူဦးရေ (၂၇၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေ (၅၈၃,၈၀၀)ကျပ်တိတိကို သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


