သရက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၇၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)အရ သရက်ခရိုင် အတွင်းရှိ သရက်မြို့နယ်မှ ကျေးရွာ ၁၄ ရွာ၊ ကံမမြို့နယ်မှ ကျေးရွာ ၁၀ ရွာ၊ မင်းတုန်းမြို့နယ်မှ ကျေးရွာ ၇ ရွာ၊ မင်းလှမြို့နယ် မှ ကျေးရွာ ၁၄ ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်မှ ကျေးရွာ ၁၄ ရွာ၊ အောင်လံမြို့နယ်မှ ကျေးရွာ ၂၀ ရွာ စုစုပေါင်း မြို့နယ် (၆)မြို့နယ်မှ ကျေးရွာ ၇၉ ၌ ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီနှင့် ဒေသခံပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း” သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေးက ပြောသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ၂၄ ခု၊ ကျောက်ရောမြေနှင့် မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ၂၃ ခု၊ ကျေးလက်ရေရရှိရေး လုပ်ငန်း ၉ ခု၊ မီးရရှိရေးလုပ်ငန်း ၁၈ ခု၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ၄ ခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ၆ ခု၊ ကျောက်ရိုးစီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ၁ ခု စုစုပေါင်း ဖွံ့ဖြိုးရေးလုပ်ငန်း ၈၅ ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၇၉၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၂၆ ဒသမ ၈၃၁ သန်း စုစုပေါင်း ငွေကျပ် ၉၁၆ ဒသမ ၈၃၁ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဦးကျော်းဆန်းဌေးထံမှ သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၇၉ ရွာရှိ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဦး


