ဝေါ စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန် ရည်ရွယ်၍ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ယနေ့ နံနက် ၉ နာရီက ပဲခူး-စစ်တောင်း တူးမြောင်းအတွင်း ငါးမျိုးစိတ်ကောင်ရေ (၃)သိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမြစ်ချင်းကောင်ရေ (၃)သိန်း ကို စုပေါင်းစိုက်ထည့်ပေးခဲ့ကြသည်။
ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် ငါးသယံ ဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များစိုက်ထညပေးခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးငါးသားဖောက်စခန်းမှလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ရွှေဝါငါးကြင်း ၊ ငါးခုံးမကြီး ၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်ထံမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


