လွိုင်ကော် စက်တင်ဘာ ၅
ကယားပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ပြည်နယ်အတွင်း ငါးသယံဇာတများ ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ပြည်နယ်အတွင်းရှိ သဘာဝရေပြင်များဖြစ်သည့် ရေကန်များ၊ ချောင်းများနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ၈ နာရီတွင် လွိုင်ကော်မြို့ ၊ ထေးဌားလျားကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ကြောင်း သိရသည်။
ထိုသို့ ငါးမျိုးစိုက်ထည့်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများက ထိုင်းငါးခုံးမကြီးကောင်ရေ ၂၅၀၀၀၊ မြက်စားငါးကြင်းကောင်ရေ ၁၀၀၀၀၊ ခေါင်းကြီး ငါးကြင်းကောင်ရေ ၅၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၄၀၀၀၀ တို့အား ထေးဌားလျားကန်အတွင်းသို့ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


