သာကေတ  စက်တင်ဘာ   ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပန်းခင်းစီမံချက်အား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးစာရင်မရှိသူ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူတိုင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သာကေတမြို့နယ်တွင် (၁၉)ရပ်ကွက်ရှိသည့်အနက် (၁၅)ရပ်ကွက်တွင် လူဦးရေ (၄၉၂)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)