မြစ်သား စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ မသန်စွမ်းသူများအား နိုင်ငံတော်မှ တစ်ဦးလျှင်ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက လူမှုဝန်ထမ်းဦးစီးဌာနမှ မသန်စွမ်းသူများအား တစ်ဦးလျှင် ငွေကျပ် သုံးသောင်း ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ မသန်စွမ်းသူများလက်ဝယ်အရောက် ကိုယ်တိုင်သွားရောက်ထောက်ပံ့ပေး အပ်ကြရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၇၉) အုပ်စုမှ မသန်စွမ်းသူ (၈၀၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၄၁၅၀၀၀၀/-) (နှစ်ရာလေးဆယ့် တစ်သိန်းငါးသောင်း တိတိ) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အဆိုပါ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မသန်စွမ်းသူများ၏နေအိမ်သို့သွားရောက်၍ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)


