ကျောင်းကုန်း စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးသည့်လူမှုရေးပင်စင်ကို ရပ်ကွက်ကျေးရွာရှိ သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် ပို့ပေးစေချင်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သက်ထားဦးက လူမှုရေး ပင်စင်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်ငါးရပ်ကွက်၊ ကျေးရွာအုပ်စု ၆၅ ခုတို့မှ သက်ကြီးဘိုးဘွား ၉၇၇ ဦးအတွက် ငွေကျပ် ၂၉၂ သိန်း ကျော်ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


