နေပြည်တော် စက်တင်ဘာ ၅
ခေါင်လန်ဖူးဒေသသည် မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းတွင် တည်ရှိပြီး ဆိုးရွားသော ရာသီဉတုနှင့် မြေမျက်နှာပြင် ခက်ခဲကြမ်းတမ်းကာ မြင့်မားမတ်စောက်သော တောင်ပေါ်ဒေသ၊ ကျောက်တောင်/ ကျောက်ကမ်းပါးယံနှင့် မြစ်ချောင်းလျှိုမြောင်များ ပေါများသည့်် ဒေသဖြစ်ခြင်း၊ ရေခဲတောင်နှင့် ဆီးနှင်းများကြောင့် စိုက်ပျိုးမြေနည်းပါးခြင်း စသည်တို့ကြောင့် ခေါင်လန်ဖူးဒေသရှိ ဒေသခံပြည်သူများသည် နှစ်စဉ် စားနပ်ရိက္ခာ ရှားပါး၊ ပြတ်တောက်လေ့ရှိသဖြင့် နိုင်ငံတော်နှင့် တပ်မတော်က စားနပ်ရိက္ခာနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အခက်အခဲဖြစ်ပေါ်ချိန်တွင် ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ထောက်ပံ့ ကူညီပေးနေရသော ဒေသဖြစ်သည်။
ခေါင်လန်ဖူးနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကိစ္စရပ်များအတွက် ပူတာအိုသို့ မဖြစ်မနေ သွားရောက်ရန် လိုအပ်ပါက ခေါင်လန်ဖူးမှ မဂွေဇအထိ ၆၅ မိုင်အကွာအဝေးအား ခြေလျင်ခရီး၊ ဝန်တင်လား/မြင်း များဖြင့် ၈ ညအိပ် ၉ ရက်ခန့်ဖြင့်လည်းကောင်း၊ မဂွေဇမှ ပူတာအိုအထိ ၆၇ မိုင်အား ဆိုင်ကယ်/ကား များဖြင့်် ၂ ရက်ခန့် ဆက်လက်သွားရောက်ကြရသဖြင့် ခရီးလမ်းတစ်လျှောက်တွင် အသက်အန္တရာယ် အထိ အခက်ခဲပေါင်း များစွာတွေ့ကြုံရပြီး အချိန်နှင့်ကုန်ကျစားရိတ် များပြားခြင်းများကို ခံစားခဲ့ကြရ သည်။
သို့ဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်မှ စတင်ပြီး မဂွေဇ-ခေါင်လန်ဖူးလမ်းစီမံကိန်းအတွက် မြေပြင်အနေအထား၊ သဘာဝရာသီဉတု အခြေအနေတို့ အပါအဝင် အခြေခံအချက်အလက်များကို ကွင်းဆင်းလေ့လာသုံးသပ်ကာ နိုင်ငံတော်အစိုးရသို့တင်ပြ၍ လုပ်ငန်းခွင့်ပြုချက်နှင့် ရန်ပုံငွေ လျာထားရေးဆိုင်ရာ ကိစ္စရပ်များကို စီမံဆောင်ရွက်ခဲ့သည်။
မဂွေဇ-ခေါင်လန်ဖူး ကားလမ်းဖောက်လုပ်နိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ဇွန်လတွင် ခွင့်ပြုချက် ရရှိပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ တပ်မတော်အင်ဂျင်နီယာတပ်ရင်းမှ အရာရှိ/စစ်သည်များ၊ ဌာနေပြည်သူ့စစ်များ ပူးပေါင်း၍ Feasibility survey ဆောင်ရွက်ခြင်း၊ စီမံကိန်းရေးဆွဲခြင်း၊ လုပ်ငန်းများကို အသေးစိတ် ပေါင်းစပ်ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မဂွေဇ-ခေါင်လန်ဖူး ၆၅ မိုင် ၄ ဖာလုံ လမ်းကို အပိုင်း ၄ ပိုင်းခွဲ၍ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင် ဆောင်ရွက်ခဲ့သည်။
မဂွေဇမှ ငါ့လုံဒမ်းအထိ ၂၅ မိုင် ၄ ဖာလုံကို အပိုင်း(၁)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျောက်လမ်း ၂၅ မိုင် ၄ ဖာလုံ၊ တံတားကြီး/ငယ် ၂၀ စင်း၊ Box Culvert ၇၅ စင်း၊ ကျောက်စီရေမြောင်း ၅၅၀၀ ပေနှင့် အခြားလိုအပ်သည့် မြေထိန်းနံရံများ၊ ရေကျော်များကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ငါ့လုံဒမ်းမှ လုံးတုံဗိုလ်တဲအထိ ၁၀ မိုင်ကို အပိုင်း(၂)အဖြစ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး အဆိုပါလမ်းပိုင်းတွင် မဂွေဇ-ခေါင်လန်ဖူးလမ်း၏ အခက်အခဲဆုံးအပိုင်းဖြစ်သော ပင်လယ်ရေမျက်နှာပြင်မှ အမြင့််ပေ ၇၇၀၀ ကျော်ရှိသည့် ဆန်းလွတ်ချက်တောင်ကြားလမ်း ကျောက်တောင်အပိုင်း ပါဝင်သဖြင့်် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်ဂျင်နီယာများ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ မိုင်းဖောက်ခွဲရေးကျွမ်းကျင်စစ်သည်များသည် ဒေသခံပြည်သူတို့၏ ပူးပေါင်း ကူညီမှုကို ရယူ၍ ကြမ်းတမ်းခက်ခဲသည့်် ရာသီဉတုနှင့် မြေအနေအထားအကြားမှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တစ်ရက်လျှင် ပေ ၂၀ ခန့်သာ ဖောက်လုပ်နိုင်သည့်် နေ့ရက်များစွာကို လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရကြောင်း သိရှိရသည်။ အဆိုပါလမ်းပိုင်းတွင် ကျောက်လမ်း ၁၀ မိုင်၊ Box Culvert ၅၀ စင်း၊ ကျောက်စီရေမြောင်း ၄၀၀၀ ပေတို့ကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
လမ်းစီမံကိန်းအပိုင်း(၂)ဖြစ်သည့် ဆန်းလွတ်ချက် ကျောက်တောင်ကို ခက်ခက်ခဲခဲ ဖြတ်သန်း ဖောက်လုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် လုပ်ငန်းခွင်သို့ရောက်ရှိ စစ်ဆေးလမ်းညွှန်ချက်အရ လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောလျင်စွာပြီးစီးနိုင်ရေးအတွက် တပ်မတော်ရဟတ်ယာဉ်များဖြင့် အပေါ့စား ယန္တရားများကို ခေါင်လန်ဖူးသို့ ပို့ဆောင်၍ ခေါင်လန်ဖူးမှ မဂွေဇဘက်သို့ တစ်ကြောင်းထိုး လမ်းဖောက်လုပ်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လမ်းစီမံကိန်းအချိန်ကာလကို များစွာလျှော့ချနိုင်ခဲ့ပါသည်။
လုံးတုံဗိုလ်တဲမှ ဆီဆုံအထိ ၁၀ မိုင် ၄ ဖာလုံကို အပိုင်း(၃)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာတွင် သဘာဝအတားအဆီးဖြစ်သည့် ရေစီးကြမ်းတမ်းသော မေခမြစ်ကို လမ်းဖောက်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသည့် ယာဉ်/ ယန္တရားများ၊ ကျောက်ဖောက်စက်များ၊ စက်ဆီ/ချောဆီများ၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖြတ်ကျော်နိုင်ရန် ကူးတို့ဖောင်များ သီးသန့် ပြုလုပ်ဆောင်ရွက်ပြီး ခက်ခက်ခဲခဲ ဖြတ်သန်းပို့ဆောင် ပေးခဲ့ကြရကြောင်း သိရှိရသည်။ အဆိုပါ လမ်းပိုင်းတွင် မြေလမ်း ၁၀မိုင် ၄ဖာလုံအနက် ကျောက်လမ်း ၈ မိုင် ၄ ဖာလုံခင်းပြီးဖြစ်၍ တံတားကြီး/ငယ် စုစုပေါင်း ၇ စင်း၊ Box Culvert ၄၀ စင်း၊ ကျောက်စီရေမြောင်း ၉၄၉၅ ပေတို့ကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ဆီဆုံမှ ခေါင်လန်ဖူးအထိ ၁၉ မိုင် ၄ ဖာလုံကို နောက်ဆုံးပိုင်း၊ အပိုင်း(၄)အဖြစ် ဆောင်ရွက် လျက်ရှိရာ ၃၄ ပေအကျယ် မြေလမ်း ၁၂ မိုင်၊ ၁၃ ပေအကျယ် တစ်ကြောင်းထိုးမြေလမ်း ၇ မိုင် ၄ ဖာလုံ၊ တံတားကြီး ၂ စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ မဂွေဇမှ ခေါင်လန်ဖူး အထိ ၆၅ မိုင် ၄ ဖာလုံ ရှည်လျားပြီး ဒေသခံပြည်သူများက အိပ်မက်လမ်းဟု တင်စားခေါ်ဆိုခဲ့ကြသည့် လမ်းသည် စတင်ဖောက်လုပ်ချိန်မှ ၄ နှစ်နှင့် ၈ လ အကြာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ရည်မှန်းချက်ဖြစ်သော ခေါင်လန်ဖူးမြို့သို့ အောင်မြင်စွာ ပေါက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် တစ်ကြောင်းထိုး မြေသားလမ်း ၇ မိုင် ၄ ဖာလုံကို လမ်းတာချဲ့ခြင်း၊ တံတားများ၊ Box Culvert များ၊ မြေထိန်းနံရံများ၊ ကျောက်စီရေမြောင်းများကို လာမည့် ပွင့််လင်းရာသီတွင်လည်းကောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကို နှစ်အလိုက် ရန်ပုံငွေလျာထား၍လည်းကောင်း ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)


