ဇလွန် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများအား မြစ်ရေကြီးခြင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို စက်တင်ဘာ ၅ ရက်က ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့ဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြပြီး ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းနီးနေထိုင်သော ပြည်သူများအား မြစ်ရေကြီးခြင်း သတင်းကို အမြဲနားထောင်ရန်၊ ရေလွှမ်းရာကမ်းပါးရှိ နေရာများကို လမ်းလျှောက်သွားလာခြင်း မပြုရန်၊ ဝမ်းရောဂါကာကွယ်ရေးအတွက် ရေကိုကြိုချက်ပြီး သောက်သုံးရန်၊ ထိခိုက်ပျက်စီးမှု အခြေအနေအား စာရင်းပြုစုပြီးကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အားလုံးနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် စသည့်အချက်များကို ပြည်သူများသိရှိစေရန် အသိပေးနှိုးဆော်ခဲ့ကြပြီး အရေးပေါ်ရှာဖွေရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့ရသည့် လူများရှာဖွေကယ်ဆယ်ခြင်း၊ ဒဏ်ရာရလူနာအား ရှေးဦးသူနာပြုစုနည်းများဖြင့် အရေးပေါ်ကုသခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြသည်။ အဆိုပါအသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ အဖွဲ့ဝင်( ၁ )ဗိုလ်မှူးဝင်းလွင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် /ဆက်)