ပွင့်ဖြူ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်နေပြည်သူများ ယာဉ်အန္တရာယ် ကင်းစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ကံ့ကော်လမ်းအရှည်ပေ ၁၈၅၀ ကတ္တရာလမ်းအား လမ်းပခုံးချဲ့ထွင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခြင်းလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ကံ့ကော်လမ်းအရှည်ပေ ၁၈၅၀ ရှိ ကတ္တရာလမ်းသည် ယခင်က လမ်းအကျယ် ၁၂ ပေသာ ရှိပြီး လမ်းကျဉ်းနေသည့်အပြင် မိုးရေတိုက်စားမှုဒဏ်ကြောင့် လမ်းများပျက်စီးနေကာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားလာရာ၌ အဆင်မပြေမှုများ ရှိနေကြောင်း သိရ၍ ယခုနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ် ရပ်ကွက်နေ ပြည်သူများ ရာသီမရွေး စိတ်အေးချမ်းသာစွာ သွားလာနိုင်စေရန်နှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေကျပ် ၁၆၅ ဒသမ ၅ သိန်းဖြင့် မူလရှိ ကတ္တရာလမ်းအရှည်ပေ ၁၈၅၀၊ လမ်းအကျယ် ၁၂ ပေ အား လမ်းဘေး(ဝဲ ၊ ယာ) တစ်ဖက်လျှင် ၃ ပေ ၉ လက်စီ တိုးချဲ့ကာ စုစုပေါင်း လမ်းအကျယ် ၁၈ ပေ အထိ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က တင်ဒါစနစ်ဖြင့် Shwe Group ကုမ္ပဏီအား လမ်းပခုံးချဲ့ထွင်ခြင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်လုပ်ကိုင်စေရာ အဆိုပါ ကုမ္ပဏီက စက်တင်ဘာ (၄)ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရပြီး ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


