ပခုက္ကူ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍  ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ရေရရှိရေး ဆောင်ရွက်ပေးခဲ့သော ကျေးရွာရေပေးရေး ကော်မတီဝင်များအား ကျေးလက်ရေပေးရေး အသိပညာပေးခြင်း သင်တန်းကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် COVID-19 ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းက ကျေးရွာရေပေးရေးကော်မတီဝင် များအနေဖြင့် မိမိတို့ကျေးရွာရေပေးလုပ်ငန်းများအား စနစ်တကျ ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် စက်ရေတွင်းမောင်းနှင်ခြင်း ရှောင်ရန်ဆောင်ရန်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာရေကော်မတီဝင်များအား ကျေးလက်ရေပေးရေး အသိပညာပေး စက်ရေတွင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေဖိုးရေခကောက်ခံခြင်းဆိုင်ရာ သင်ခန်းစာများကို ဆွေးနွေးပို့ချကြသည်။

အဆိုပါ ကျေးလက်ရေပေးရေး အသိပညာပေးခြင်း သင်တန်းကို ပခုက္ကူမြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သော ကျေးရွာများမှ ရေပေးရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး သင်တန်းကိုတစ်ရက်ကြာဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)