မုဒုံ စက်တင်ဘာ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ကုသပေးရာတွင် အောက်ဆီဂျင်လိုအပ်ချက် လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကမာဝက်မြို့ တိုက်နယ်ဆေးရုံအတွင်း၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ အဆောက်အဦမှာ (၂၀ × ၃၀)ပေရှိ Steel Structure အဆောက်အဦ အမျိုးအစားဖြစ်ပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကမာဝက်မြို့ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ စေတနာရှင်အလှူရှင်များ စုပေါင်းကာ လှူဒါန်းတည်ဆောက်ခြင်း ဖြစ်သည်။
ယင်းအောက်ဆီဂျင်စက်ရုံတွင် တရုတ်နိုင်ငံထုတ် MN 70-12 (PSA)စက်အမျိုးအစား တပ်ဆင်သွားမည်ဖြစ်ကာ စုစုပေါင်းငွေကျပ် သိန်း ၂၀၀ခန့်ဖြင့် တည်ဆောက်၍ စက် တပ်ဆင်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ ဆံ့ ၁၂ လုံးထွက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ကမာဝက်မြို့အတွက် အောက်ဆီဂျင်လိုအပ်ချက်များအား ဖြည်းဆည်းပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


