မိုင်းယု စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာရန် တိုင်းရင်းသား ဘာသာစကားဖြင့် ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ရန်၊ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ တပ်ဆင်သွားလာရန်၊ လူစုလူဝေး ပြုလုပ်ခြင်း သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရေး လုပ်ငန်းများတွင် မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုန်ပြန်သည့် လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့ ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု မရှိသော်လည်း မပေါ့ဆသင့်ကြောင်း၊ မြို့တွင်းသို့ ထပ်မံကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ သူကြီးများနှင့် ညှိနှိုင်းကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ဒေသခံပြည်သူများမှ အလေးထားလိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း မြို့ကိုဗစ်ကော်မတီ၊ အသိပညာပေး ဆော်ဩမှု ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။
ခွန်အာကာ