ဆင်ပေါင်ဝဲ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဖိုစွတ်ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ စားဝတ်နေရေး အခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက ဖိုစွတ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း ဆဌမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ ၁၁၄ ဦးကို ငွေကျပ် ၃၅၂ သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ ၅၀ ဦးကို ငွေကျပ် ၁၁၆ ဒသမ ၅ သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့်သူ ၁၅ ဦးကို ငွေကျပ် ၃၉ ဒသမ ၅ သိန်း၊ စုစုပေါင်း အသင်းသား ၁၇၉ ဦးကို စီမံကိန်းရန်ပုံငွေကျပ် ၅၀၈ သိန်းကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးထံမှ သိရသည်။
သန်းလွင်(မကွေး)


