ငါးသိုင်းချောင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ငါးသိုင်းချောင်းမြို့၊ ငဝန်ရေကာတာရှိ ဗောဓိရေကင်းစခန်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိခဲ့ပြီး မြစ်ရေအခြေအနေ၊ ရေကာတာကြံ့ခိုင်မှု အခြေအနေနှင့် ရေဘေးကြိုတင်ကာကွယ်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆေးရုံတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ အစုံ (၅၀) ၊ လက်အိတ်အစုံ (၂၀၀)နှင့် Face Mask အစုံ (၂၀၀)တို့ကို ပေးအပ်လှူဒါန်းရာ ရေကြည်မြို့နယ်ဆရာဝန် ဒေါက်တာအေးအေးလင်းက လက်ခံရယူခဲ့ပြီး ဆေးရုံ ဝန်ထမ်းများသို့ တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ယနေ့နံနက် တိုင်းထွာချက်အရ (၂၈ ဒသမ ၃၀) ပေ၊ ရေကာတာစိုးရိမ်ရေအမှတ် အထက် (၃) လက်မခန့် ကျော်လွန်လျက်ရှိကြောင်း သိရပြီး ရေကာတာ ကြံ့ခိုင်မှုအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် စိုးရိမ်ရသော အခြေအနေတွင် မရှိသေးကြောင်း သိရှိရသည်။
ဝတီလွင်(ပြန်/ဆက်)


