ပူတာအို စက်တင်ဘာ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဈေးကွက်၀င် အရည်အသွေး ကောင်းမွန်သည့် ၀ဥမျိုးများ တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ၀ဥစိုက်ပျိုးလိုသည့် တောင်သူများအား ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ၀ဥမျိုးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၀ဥမျိုးများစိုက်ပျိုးရာတွင် ဥကြီးမျိုး၊ ဥလတ်မျိုး၊ ဥသေးမျိုး၊ ရွက်သီး/ဂွသီးမျိုးနှင့် ဖူးတံစေ့မျိုးဟူ၍ ငါး မျိုးရှိကြောင်း၊ ဥကြီးမျိုး၊ ဥလတ်မျိုးနှင့် ဥသေးမျိုးများသည် လေးပေ၊ နှစ်ပေပတ်လည် စိုက်ပျိုးရပြီး တစ်ရာသီ အတွင်း မျိုးများပြန်လည်ရရှိကြောင်း၊ ရွက်သီး/ဂွသီးမျိုးများသည် နှစ်ပေပတ်လည် စိုက်ပျိုးရပြီး နှစ်နှစ်မှ သုံး နှစ်အတွင်း မျိုးများပြန်လည်ရရှိကြောင်း၊ ဖူးတံစေ့မျိုးများသည် လေးလက်မ(သို့မဟုတ်)ခြောက်လက်မ စိုက် ပျိုးရပြီး လေးနှစ်အတွင်း မျိုးများပြန်လည်ရရှိကြောင်း ပူတာအိုခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးထံမှ သိရသည်။
အဆိုပါ၀ဥမျိုးများသည် မြေချဉ်ငံဓာတ် ၄ ဒသမ ၅ မှ ၆ ဒသမ ၅ နှင့် မိုးရေချိန် ၆၀ မှ ၁၂၀ လက်မကြားတွင် စိုက်ပျိုးနိုင်ပြီး မိုးများလျှင်လည်း အထွက်နှုန်းကျဆင်းတတ်ကြောင်း၊ အပင်ကြီးထွားချိန်တွင် ပူနွေးစိုစွတ်ပြီး အပူချိန်အနေဖြင့် ၂၅ မှ ၃၅ ဒီဂရီစင်တီဂရိတ်ရှိရန် လိုအပ်ကြောင်းနှင့် ဥကြီးချိန်တွင် အေးမြခြောက်သွေ့သော ရာသီဥတုမျိုးဖြစ်ရန် လိုအပ်ကြောင်း၊ မြေမျက်နှာသွင်ပြင် ၄၅ ဒီဂရီထက်ပိုမတ်စောက်လျှင် လှေကားထစ် စိုက်စနစ် သုံးရမည်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ ၁၀၀၀ အထက်နှင့် ပေ ၅၀၀၀ ကြား၊ ပေ ၂၅၀၀ အထက်တွင် အရိပ်မလိုအပ်ကြောင်းနှင့် ပေ ၁၀၀၀ အောက်တွင် ၆၀ မှ၇၅ ရာခိုင်နှုန်းအထိ အရိပ်လိုအပ်လျက် ရှိကြောင်း ၎င်း၏ဆက်လက်ပြောကြားချက်အရ သိရသည်။
ပူတာအိုခရိုင် ကျေးရွာအုပ်စု ရှစ်အုပ်စုရှိ ၀ဥစိုက်တောင်သူ ၃၆ ဦးတို့က ၀ဥစိုက်ဧက (၃ ဒသမ ၄၈)ဧက စိုက်ပျိုးခဲ့ပြီး ၎င်းမှရရှိလာသောမျိုးများကို တိုးချဲ့မျိုးပွားနိုင်ရေးအတွက် စိုက်ပျိုးလိုသည့် တောင်သူများထံ ဆက်လက်ဖြန့်ဝေနိုင်ရေးနှင့် စိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


