ညောင်ဦး စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံမှ သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြားလာကာ အကြိမ် ၂၀၀ ကျော်ထိ ဆင်စာဘူဖေးကျွးမှု များပြားလာပြီးနောက် ထပ်ကျွေးမွေးဖို့ အွန်လိုင်းမှ ကြိုတင်ချိတ်ဆက်မှုများလည်းရှိကြောင်း ဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာက ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း ၂၂ ခုထိ ဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့် Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများအား ကျွေးမွေးကြပြီး ဆင်စာဘူဖေး တစ်ခါကျွေးလျှင် တစ်နေ့စာ ဆင်ခုနစ်ကောင်အတွက် တစ်သိန်းကျပ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုထိန်၊ KPD


